တလောက မိတ်ဆွေတယောက် ရွှေတိဂုံစေတီကို သူ့မိခင် ချန်ထားခဲ့တဲ့ စိန်နားကပ်တရံ လှူတယ်။ ကိုယ်ကလည်း မနေနိုင်မထိုင်နိုင် လျှာဝင်ရှည်မိတယ်။ ဘုရားလှူမယ့်အစားဗျာ ရောင်းပြီး အကျိုးရှိမယ့်တနေရာရာ သုံးလိုက်ရင် လှူလိုက်ရင် မကောင်းဘူးလား ဝင်ပြောမိတယ်။ အဲ့ဒီနေ့ကစ သူ့ဘက်က မိတ်ဆွေဇာတ်လမ်းပြတ်သွားတယ်။
ရွှေတိဂုံအပါအဝင် နာမည်ကြီးဘုရားစေတီတွေမှာ ရွှေထည်ပစ္စည်းတွေလှူကြပြီဆို ရှေးဟောင်းပစ္စည်းလို့ထင်ရတဲ့ လက်ဝတ်ရတနာအချို့ဘဲ ပြခန်းထဲရောက်သွားတယ်။ ကျန်တာကို ဂေါပကနဲ့ချိတ်ဆက်ထားတဲ့ ရွှေဆိုင်တွေ လေလံရထားတဲ့ ရွှေမိုက်ထုတ်သူတွေဆီ ထုခွဲလိုက်ကြတယ်။ ရွှေတန်ဖိုးလောက်ဘဲ ဘုရားအလှူငွေဆီဝင်သွားပြီး ကျောက်မျက်တွေကတော့ စိန် ဆိုရင် စိန်ဟုယူဆရသော စာရင်းဝင်သွားတယ်။ တန်ဖိုးပြန်မရတော့ဘူး။ ဒါပေမယ့် ဂေါပကဘဏ်အကောင့်ထဲ သွင်းငွေတွေတိုးသွားတယ်။
ကြည့်မြင်တိုင်မှာလို ရွှေတိဂုံကို ရွှေပြားသင်္ဃန်းကပ်တဲ့အသင်းအဖွဲ့တွေ မြန်မာပြည်အနှံ့ရှိတယ်။ တနှစ်တာ အလှူခံမယ်။ ပြီးရင် ရွှေပြားခတ်ပြီး ဘုရားကိုလှူလိုက်တယ်။ ခုချိန်ဆို ရွှေပြားတပြား သိန်းရာချီတန်နေပြီ။ စေတီမှာ ရွှေပြားတွေ နေရာမလပ် ကပ်ထားပြီးသား။
ရွှေပြားတပြား ဝင်လာပြီဆို ရှိပြီးသားရွှေပြားတပြား ခွာရတယ်။ ခွာပြီးမှ ရွှေပြားအသစ် ကပ်ရတယ်။ ရွှေပြားအဟောင်းကတော့ ဂေါပက ကတဆင့် လေလံအောင် ရွှေမိုက်ထုတ်သူဆီရောက်သွားတယ်။ လေလံအောင်စျေးအနေအထားအရ ရွှေပြားတန်ဖိုးအချို့ ပြန်မရတော့သလို ပြန်ရလည်း ထိုက်သင့်သလောက် ပြန်မရတော့ဘူး။ ရွှေမိုက်ထုတ်တဲ့သူအိမ်မှာဆို ရွှေပြားသင်္ဃန်းတွေ များများကပ်နိုင်ကြစေကြောင်း ပွဲပေးပွဲထိုးကြတာ အစဉ်အလာလိုဖြစ်နေတယ်။
ဘုရားစေတီအားလုံးလိုလို ဂေါပကတွေ ဂေါပကနဲ့နီးစပ်တဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ လေလံအောင်သူတွေ ကြီးစိုးနေတယ်။ ရသမျှအလှူငွေ အကြောင်းအမျိုးမျိုးပြပြီး အသုံးစရိတ်ကြီးကြီးမားမားတွေ ဖြစ်သွားတယ်။ အလှူငွေတွေမှာမှ ဖြတ်ပိုင်းအလှူငွေတွေသာ စာရင်းထဲဝင်သွားပြီး မှန်ပုံးအလှူတွေ စာရင်းပြနိုင်ရုံသာ ဝင်တာတွေ ရွှေတိဂုံ၊ ကျိုက်ထီးရိုးမှာ အန်နယ္ဒီ အစိုးရလက်ထက်မှာ ပေါ်လာလို့ ဂေါပကအဖွဲ့တွေ ဖြုတ် ထုတ် အသစ်ခန့်ရတာတွေ ကြားမိကြမှာပါ။
နာမည်ကြီးဘုရားတွေမှာ ဂေါပကဖြစ်ရဖို့ ကြိုးစားကြတယ်။ ဂေါပကတွေမှာ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ယောက္ဖ ဦးစီးတဲ့ ရွှေတိဂုံဂေါပကအဖွဲ့ဟာ ခြစားတဲ့နေရာမှာ နာမည်ကြီးတယ်။ ဘုရားအလှူငွေတွေဟာ သိန်းသန်းကုဋေချီများလွန်းလို့ အစိုးရက အတိုးမဲ့ထုတ်ချေးတာတွေ ရှိတယ်။ ဂေါပကသာ တလလုပ် လမ်းဘေးကသူတောင်းစားဟာ တလပြည့်ရင် ကုဋေကြွယ်သူဌေးကြီး ဖြစ်သွားနိုင်တယ်။
အလှူငွေတွေ ဖောချင်းသောချင်းရသလို ဂေါပကတွေက အသုံးပက်စက်တယ် ခြစားရက်စက်တယ် ပြောရမယ့်အခြေအနေတွေ ခေတ်အဆက်ဆက်ကြုံခဲ့ရတယ်။ အန်နယ်ဒီ လက်ထက်မှာ သိသာတဲ့ပြောင်းလဲတာတွေလုပ်ခဲ့လို့ ဘုရားစေတီအချို့ အလှူငွေတွေ သိသိသာသာ ပိုများပြားလာတာ အသုံးစရိတ်တွေကျသွားတာရှိပေမယ့် အားလုံးကို မထိန်းချုပ်နိုင်သေးဘူး။
စကစ အာဏာသိမ်းပြီး ၂၀၂၁ ဖေဖော်ဝါရီလ ကစလို့ ဘုရားစေတီအားလုံးရဲ့ဘဏ်စာရင်းတွေကို စစ်တပ်က ထိန်းချုပ်ထားလိုက်တယ်။ နေ့စဉ်ဘုရားစေတီတွေကရရှိတဲ့ အလှူငွေတွေကို သံသေတ္တာတွေနဲ့ နေ့စဉ်သိမ်းတယ်။ အသိမ်းခံရတဲ့ငွေတွေ ဘုရားရဲ့ဝင်ငွေစာရင်းထဲ ရောက်မသွားဘူး။ ဂေါပကအဖွဲ့တွေအကုန်လုံးနီးပါး တပ်နဲ့နီးစပ်သူတွေ လက်ရှိတပ်ရာထူး ရယူထားသူတွေနဲ့ အစားထိုးလိုက်ပြီးနောက်ပိုင်း ရသမျှအလှူငွေအားလုံးဟာ ကာကွယ်ရေးဝန်ကြီးဌာနဘဏ္ဍာအောက်က ဘဏ်စာရင်းတွေထဲ ရောက်သွားတယ်။
ပြီးခဲ့တဲ့ ဝါဆိုလပြည့်နေ့တရက်တည်း ရွှေတိဂုံတခုတည်းတင် အလှူခံရရှိငွေ သိန်းပေါင်းသန်းဂဏန်း ရှိတယ်။ ဒီအလှူငွေတွေထဲက တပ်ဘက်အရာရှိဂေါပကအချို့က အသုံးစရိတ်တွေ စိတ်ကြိုက်ဖယ်ထုတ်ပြီး ကျန်ငွေတွေကို ကာကွယ်ရေးဘဏ်စာရင်းထဲ ပို့လိုက်ကြတယ်။ ဒီလိုအခြေအနေပုံစံမျိုး ဘုရားစေတီတိုင်းမှာ ရှိတယ်။
ဗိုလ်တထောင်ဘုရားရှေ့က မြနန်းနွယ်အာဏာသိမ်းမှု အချို့ကြားဖူးလိမ့်မယ်။ မြနန်းနွယ်ဂေါပကတွေ လဲလှယ်ခံရတယ်။ အမတော် ကျိန်စာတိုက်လိမ့်မယ်လို့ ဂေါပကအဟောင်းတွေက ချိန်းခြောက်ကြပေမယ့် စကစ ခန့် ဂေါပကအသစ်တွေက ဒီေ-ာက်အရုပ်က ဘာကျိန်စာတိုက်နိုင်မှာလဲဆိုပြီး ပြောခဲ့တယ်။ ဒီနေ့ဒီအချိန်အထိ မြနန်းနွယ်အကပ်ခံရသမျှ ဝင်ငွေအားလုံး စစ်တပ်က သိမ်းနေဆဲဖြစ်တယ်။ မြန်မာပြည်အနှံ့က နာမည်ကြီးနတ်နန်းအားလုံးလည်း စကစ ထိန်းချုပ်မှုအောက်မှာရောက်နေတယ်။
ဘုရားသွားမယ် ဘာမှမလှူဘူးဆိုလည်း ဖိနပ်အပ်ရပြီ ဓာတ်လှေခါးစီးရပြီ အစားအသောက်စားပြီဆိုရင်တော့ ကိုယ့်ငွေဟာ ဘုရားကရသွားပြီ။ ဖိနပ်အပ်ခ တယောက်နှစ်ရာ လပြည့်နေ့ လူတသိန်းဝန်းကျင် လာဖူးတယ် တွက်ကြည့်လိုက် ဖိနပ်အပ်ခကတင် သိန်းနှစ်ရာဝင်သွားပြီ။ အဲ့ဒီဝင်ငွေ လေလံအောင်သူကရသလို ဘုရားကလည်း ရတယ်။ ဒါ ဖိနပ်ကောင်တာ တခုတည်းတွက်ကြည့်တာ။ အနိမ့်ဆုံးရတဲ့နေရာနဲ့ တွက်ပြတာ။ ကျန်တဲ့နေရာတွေ ဘယ်လောက်ရနေမလဲ တွက်ကြည့်ကြပေါ့။
မည်သို့ပင်ဆိုစေ ကိုယ်လှူလိုက်တဲ့အလှူငွေ တန်ဖိုးကြီးပစ္စည်းတွေဟာ လက်ရှိအခြေအနေမှာ စစ်တပ်ဘဏ္ဍာထဲကို စီးဆင်းနေတယ်။ ဒီငွေတွေနဲ့ ပြည်သူလူထုကို နှိပ်ကွပ်ဖို့ တိုက်ခိုက်ရေးယာဉ်တွေ ယန္တရားတွေ လက်-က်တွေဝယ်တယ်။ ကိုယ်က ဘုရားကိုရည်မှန်းပြီးလှူတဲ့ကုသိုလ်ရပေမယ့် ဒီကုသိုလ်ရဲ့အကျိုးဆက်ဟာ သူတို့ဆီ ရောက်သွားတဲ့ ငွေဖြစ်သွားတယ်။
ကျနော်တို့တွေ စကစ လက်ထက်မှာ ဘုရားစေတီတွေကို သပိတ်မှောက်စေချင်တာ အဲ့ဒီအချက်က အဓိကနေရာက ပါဝင်တယ်။ ဘုရားတွေလိုဘဲ အပန်းဖြေဥယာဉ်တွေ ပန်းခြံတွေ အခြားအခြားသော စစ်တပ်ဆီစီးဆင်းသွားတဲ့ ငွေတွေဟာ သူတို့ငွေတွေဖြစ်သွားတယ်။ မဖြစ်မနေ ပေးလိုက်ရတဲ့ အခွန်ငွေတွေရှိပေမယ့် ဘုရားအလှူငွေလို ကိုယ်ပေးချင်မှ ဖြစ်မယ့်ငွေတွေဟာ ကိုယ်ကုသိုလ်ရချင်တာတခုနဲ့ ပြည်သူတွေကို အနိုင်ကျင့်မယ့် ငွေဖြစ်သွားတာ ရင်နာစရာကောင်းတယ်။
အေး ဘာဖြစ်လဲကွာ ငါလှူချင်လို့လှူတယ် ဘာလုပ်ချင်လဲဆိုလာရင်တော့ ခင်ဗျားလှူလိုက်တဲ့အလှူငွေဟာ ခင်ဗျားကို ခင်ဗျားမိသားစု ခင်ဗျားသွေးသားဆွေမျိုးကို ထိမယ့် ငွေမျိုးဖြစ်မလာပါစေနဲ့လို့ ဆုတောင်းနေရုံမှတပါး မရှိတော့ပါဘူး။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)