ပိုက်ဆံက ရှာသလောက် မလောက်နိုင်ဘူးလို့ ဆိုသူများ ဒီနည်းလမ်း (၇) ခုကို အသုံးပြုကြည့်ပါ
ရှာနိုင်တာထက် လျှော့သုံးနိုင်ဖို့ နည်းလမ်း (၇)ခု
တန်ဖိုးရှိလိုက်တဲ့ နည်းလမ်းတွေပါ။ စီးပွားရေး, အောင်မြင်ရေး ငွေကြေးဆိုင်ရာ ပညာရှင်တွေအားလုံးက သင်ရှာနိုင်တာထက် လျှော့ပြီးသုံးဖို့ ပြောလေ့ရှိကြပါတယ်။
အသုံးစရိတ်က ဝင်ငွေထက် နည်းရမယ်ဆိုတဲ့ အကြောင်းကို အကြိမ်ပေါင်းများစွာ ကြားဖူးနေတာ မှန်ပေမယ့် သေချာနားလည်ဖို့ လိုပါတယ်။ ဝင်ငွေထက် နည်းတဲ့ အသုံးစရိတ်နဲ့ ဘယ်လိုနေနိုင်မလဲnဆိုတာကိုရော ကြိုးစားကြည့်ဖူးပါသလား။
အများစုအတွက်တော့ ဝင်ငွေထက် လျော့နည်းတဲ့ အသုံးစရိတ်နဲ့ နေထိုင်ဖို့က ပြောသလောက် မလွယ်ပါဘူး …။အိမ်ငှားခတွေ၊ မီတာခ၊ ရေဖိုး၊ စားသောက်စရိတ်၊ လူမှုရေးကုန်ကျစရိတ်၊ လမ်းစရိတ်စသဖြင့် ငွေထွက်ပေါက်တွေက အများကြီးပဲဖြစ်ပါတယ်။
နောက်ထပ် စိတ်မကောင်းစရာကောင်းတာက ကျွန်တော်တို့ လစာဝင်ငွေ တစ်ခုတည်းနဲ့ လိုချင်တဲ့ ဘဝနေထိုင်မှုပုံစံကို မရနိုင်တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ အဆင်အခြင်မဲ့ လျှောက်သုံးရင်းကနေ ငွေကြေးအတွက် စိတ်ဖိစီး ပူပန်မှုတွေ ကြုံတွေ့လာရနိုင်ပါတယ်။ ဒါ့ကြောင့် သင်ရှာနိုင်တာထက် နည်းတဲ့ အသုံစရိတ်နဲ့ နေနိုင်ဖို့ နည်းလမ်းကောင်းအချို့ကို ဝေမျှပေးချင်ပါတယ်နော် ….
(၁) ကိုယ်တိုင် ချက်ပြုတ်စားသောက်ပါ
အိမ်မှာ ကိုယ်တိုင် ချက်ပြုတ်စားတာ၊ အလုပ်ထဲကို ထမင်းဘူးထည့်သွားတာက စားသောက်စရိတ်အတွက် ကုန်ကျငွေကို လျှော့ချပေးနိုင်ပါတယ်။ ကိုယ့်ထမင်းဘူး ကိုယ်ယူသွားတဲ့အတွက် တစ်ပတ်ကို ဘယ်လောက် သက်သာမလဲဆိုတာ တွက်ကြည့်နိုင်ပါတယ် …။
နောက်ထပ် အရေးကြီးတာ တစ်ခုက ကိုယ်တိုင်ချက်တဲ့ အစားအစာတွေက သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ဒါ့ကြောင့် အခုကစပြီး ကိုယ်တိုင် ချက်ပြုတ်တတ်အောင် လေ့လာသင်ယူပါ။ထမင်းဘူးထည့်ယူသွားပြီး နေ့လည်စာအတွက် အပိုထွက်လာတဲ့ ငွေကို ရုံးပိတ်ရက်မှာ သုံးဖို့ ဖယ်ထားလိုက်ပါ …။
(၂) အသုံးစရိတ်တစ်ခု ရေးဆွဲပါ
အသုံးစရိတ်ကို ထိန်းသိမ်းနိုင်ဖို့ နည်းလမ်းတစ်ခုကတော့ စုဆောင်းမယ့် ငွေကို ဖယ်ပြီး မဖြစ်မနေ ကုန်ကျရမယ့် အသုံးစရိတ် စာရင်းတစ်ခု ရေးဆွဲထားဖို့ပဲ ဖြစ်ပါတယ်။ တစ်လစာအတွက် မဖြစ်မနေ ကုန်ကျမယ့် အနည်းဆုံး ကုန်ကျစရိတ်တွေကို ချရေးလိုက်ပါ …။
သင်ထင်ထားသလောက် မများတာကို တွေ့ရပါလိမ့်မယ်။ ကျန်တဲ့ငွေထဲက ပမာဏတစ်ခုကို အလွယ်တကူ ထုတ်လို့ မရနိုင်တဲ့ ဘဏ်စာရင်းတစ်ခုထဲမှာ သွားအပ်ထားလိုက်ပါ …။
၃။ ငွေသုံးစွဲမှုဆိုင်ရာ App တွေ အသုံးပြုပါ
သင့်ရဲ့ လစဉ်အသုံးစရိတ်ကို အလွယ်ကူ ဆုံးမှတ်တမ်းထားနိုင်တဲ့ နည်းလမ်းကတော့ သင့်လက်ကိုင်ဖုန်းထဲမှာပဲ ဖြစ်ပါတယ်။ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ App တွေ အများကြီးရှိပါတယ်။ ဒီထဲကမှ သင့်အတွက် အသုံးပြုရလွယ်ကူပြီး အဆင်ပြေမယ့်တစ်ခုကို ရွေးချယ်ပြီး အသုံးပြုပါ။
ဒီ App တွေကို အသုံးပြုခြင်းအားဖြင့် တစ်လကုန်သွားတိုင်းမှာ သင့်ရဲ့ အသုံးစရိတ်ကို ပြန်ဆန်းစစ်လို့ ရနိုင်မှာ ဖြစ်ပါတယ်။ ဘာတွေ အပိုသုံးမိလဲ၊ ဘာတွေက မလိုအပ်ဘူးလဲ ဆိုတာကို သိရှိပြီး ပြင်ဆင်လို့ရနိုင်မှာ ဖြစ်ပါတယ် …။
(၄) ဈေးဝယ်တတ်ဖို့ လိုပါတယ်
တစ်ခုခုဝယ်တော့မယ်ဆိုရင် အရင်ဆုံး သေချာစဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီအရာကို လိုအပ်လား၊ ဘာအတွက် သုံးမှာလဲ၊ ဘယ်အချိန်မှာ သုံးမှာလဲ၊ အိမ်မှာ ရှိပြီးသားလား စတဲ့ မေးခွန်းတွေကို ပြန်ဖြေကြည့်ပါ။
ပြီးတော့ တကယ်လိုအပ်လို့ ဝယ်ဖို့ ဆုံးဖြတ်လိုက်ပြီးရင်လည်း တစ်ခါတည်း တန်းမဝယ်လိုက်ပါနဲ့ …။အရည်အသွေးတူ ပစ္စည်းကို ဈေးနှုန်းသက်သာတဲ့ နေရာကို ရှာဖွေဝယ်ယူပါ။ တစ်ခါတစ်လေမှာ လျှော့ဈေးပေးတာ၊ အရောင်းမြင့်တင်တဲ့အနေနဲ့ ဈေးလျှော့ရောင်းတာတွေကို လက်လွတ်မခံပါနဲ့။ ဒီနည်းလမ်းနဲ့ သင်ရဲ့ဈေးသုံးစရိတ်ကို လျှော့ချနိုင်ပါတယ် …။
(၅) အမြဲတမ်း ပေးဆောင်ရသည့် အသုံးစရိတ်များကို ပြန်စစ်ပါ
မီတာခ၊ ရေဖိုး၊ အာမခံကြေး စသဖြင့် အမြဲတမ်း ပေးဆောင်နေရတဲ့ စရိတ်တွေကို ပြန်ဆန်းစစ်ပါ။ ပိုသက်သာတဲ့ ဝန်ဆောင်မှုကို ပြောင်းလဲအသုံးပြုပါ။ စုငွေအပေါ်မှာ ရရှိတဲ့ အတိုးနှုန်းထားကိုလည်း လေ့လာဆန်းစစ်ပြီး အတိုးပိုရတဲ့ နေရာမှာ စုဆောင်းဖို့ စဉ်းစားပါ …။
(၆) ကူပွန်တွေ၊ ဘောက်ချာတွေ အသုံးပြုပါ
လျှော့ဈေးကူပွန်တွေ၊ လက်ဆောင်ဘောက်ချာတွေကို ဒီအတိုင်း မထားပါနဲ့။ ဉာဏ်ရှိသလို အသုံးချပါ။ ကိုယ်တိုင်အတွက် အသုံးမတည့်ရင် အသုံးတည့်မယ်သူကို ပြန်ရောင်းပါ …။
(၇) ကိုယ်တိုင်လုပ်နိုင်တာတွေ ကိုယ်တိုင်လုပ်ပါ
အိမ်အတွက် လိုအပ်တာတွေ၊ ခြံဝန်းထဲမှာ ရှင်းလင်းစရာရှိတာတွေကို ကိုယ်တိုင် လုပ်နိုင်တာတွေကို ကိုယ်တိုင်လုပ်ပါ။ အချို့ပစ္စည်းတွေကို လုပ်ပြီးသား မဝယ်ပဲနဲ့ ကိုယ်တိုင်လုပ်လို့ ရတာတွေ ရှိပါတယ်။ ကိုယ်တိုင်လုပ်တတ်အောင် လေ့လာသင်ယူပါ …။
သင့်အတွက် ငွေကုန်ကြေးကျသက်သာစေနိုင်သလို့ လုပ်တတ်ကိုင်တတ်တဲ့ အရည်အချင်းလည်း တိုးတက်လာမှာဖြစ်ပါတယ်။ ငွေစုဆောင်းဖို့နဲ့ ချွေတာဖို့က ပြောတာထက် လက်တွေ့မှာ ပိုမိုခက်ခဲပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း အများကြီး လိုအပ်ပါတယ်။
ဒါ့ကြောင့် သင်သိသမျှ အကောင်းဆုံးနည်းလမ်တွေကို အသုံးပြုပါ …။
Credit