ၾကားသိရသမွ်


ကလေးတွေကို စိတ်ဒဏ်ရာရအောင် မလုပ်ပါနဲ့လား

ကလေးလေးတွေဟာ ပျော့ပျောင်းနူးညံ့တဲ့ ဖယောင်းလေးတွေလိုပါပဲ။ မွေးရာပါ ပင်ကိုယ်ဗီဇအပြင် မိဘနဲ့ပတ်ဝန်းကျင်ရဲ့ ထိန်းကျောင်းပဲ့ပြင်ပုံသွင်းမှုတွေက သူတို့လေးတွေရဲ့

ကိုယ်ရည်ကိုယ်သွေး၊ စိတ်နေသဘောထား၊ အပြုအမူနဲ့ စရိုက်လက္ခဏာတွေအပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။

ပန်းလေးတစ်ပွင့်လို ထိလွယ်ရှလွယ်တဲ့ ကလေးဘဝမှာ အကြောင်းတစ်ခုခုကြောင့် စိတ်ဒဏ်ရာရသွားခဲ့ရင် နှစ်ပေါင်းများစွာကြာပြီးလို့ အချိန်တန်အရွယ်ရောက်တဲ့အထိ ဖျောက်ဖျက်မရတဲ့ အမာရွတ်တွေ ပါသွားတတ်ပါတယ်။

ကလေးတစ်ယောက်ကို စိတ်ဒဏ်ရာရစေတဲ့ အကြောင်းအရင်း များစွာရှိပေမယ့် တစ်ချို့သောအခြေအနေတွေမှာ ကလေးနဲ့ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံရတဲ့

မိဘဆွေမျိုး မောင်နှမသားချင်းတွေ၊ ဆရာဆရာမတွေက စိတ်ဒဏ်ရာပေးသူ ဖြစ်မှန်းမသိဖြစ်နေတတ်ပါတယ်။ ဘယ်လိုအပြုအမူတွေက ကလေးကို စိတ်ဒဏ်ရာရစေသလဲ…

၁။ နွေးထွေးလုံခြုံမှုမပေးခြင်း

ကလေးအသက်ငယ်ငယ်ကတည်းက ကိုယ်ဖြစ်ကိုယ်ခံသဘောနဲ့ လွှတ်ပေးထားလိုက်ရင် သူအရွယ်ရောက်လာတဲ့အခါ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်လိမ့်မယ်ဆိုတဲ့ အယူအဆဟာ မှန်ကန်တဲ့အယူအဆ မဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ မိဘရင်ခွင်ကရတဲ့ နွေးထွေးလုံခြုံမှုဟာ ကလေးတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက် ဖြစ်နေလို့ပါပဲ။

ကိုယ့်ရင်သွေးကို အသက်အရွယ်အလိုက် ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးတာကောင်းပေမယ့် သူရသင့်ရထိုက်တဲ့ နွေးထွေးလုံခြုံမှု အပြည့်အဝမပေးနိုင်ရင် ကလေး စိတ်ဒဏ်ရာရသွားတတ်ပါတယ်။

၂။ ဝေဖန်ကဲ့ရဲ့လွန်းခြင်း

ကလေးတွေကို ဆုံးမသွန်သင်တဲ့နေရမှာ အပြုသဘောဆန်ဆန် ဝေဖန်ထောက်ပြတတ်ဖို့၊ အခြေအနေအချိန်အခါကိုလိုက်ပြီး မှားခွင့်ပေးဖို့၊ အမှားကနေတစ်ဆင့် သင်ခန်းစာယူတတ်အောင် လမ်းဖွင့်ပေးဖို့ အရမ်းအရေးကြီးပါတယ်။

ဘာလုပ်လုပ်အမှားမခံဘဲ ပြစ်တင်ကြိမ်းမောင်းနေမယ်၊ ချီးကျူးစကား တစ်ခွန်းထွက်ဖို့ ဝန်လေးသလောက် ကဲ့ရဲ့ရှုံ့ချဖို့လောက်ပဲ ရှေ့တန်းတင်နေမယ်ဆိုရင် ကလေးကို စိတ်ဒဏ်ရာပေးတာနဲ့ အတူတူပါပဲ။

၃။ လှောင်ပြောင်ခြင်း

လူကြီးမိဘ၊ ဆရာဆရာမတွေ မကြာခဏလုပ်မိတတ်တဲ့၊ အထူးသတိထားသင့်တဲ့ အပြုအမူတစ်ခုကတော့ ကလေးရဲ့ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ကို ထုတ်ဖော်လှောင်ပြောင်ခြင်းပါပဲ။

ပျော်စေပြက်စေ ချစ်လို့စလိုက်တဲ့ စကားတစ်ခွန်းက ကြားရဖန်များလာတဲ့အခါ ကာယကံရှင်ကလေးအတွက် တစ်ဘဝစာစိတ်ဒဏ်ရာ ဖြစ်သွားနိုင်တယ်ဆိုတာ လုံးဝမမေ့သင့်ပါဘူး။

၄။ စိတ်ထွက်ပေါက်မပေးခြင်း

မိဘမှန်ရင် ကိုယ့်ကလေးပျော်ရွှင်နေတာကိုပဲ မြင်ချင်ကြတာ သဘာဝကျပါတယ်။ ဒါပေမယ့် ကလေးဆိုတာဟာလည်း လူကြီးတွေလိုပဲ ဝမ်းနည်းတတ်၊ စိတ်ဆိုးတတ်၊ အလိုမကျဖြစ်တတ်ကြပါတယ်။

အဲဒီ့ခံစားချက်တွေကို သူတို့နည်းသူတို့ဟန်နဲ့ ဖော်ပြကြတဲ့အခါ လူကြီးမိဘတွေက ဒီကလေးရိုင်းတယ်၊ ဆိုးတယ်ဆိုပြီး ဆူပူမောင်းမဲတာ၊ ရိုက်နှက်ဆုံးမတာတွေအထိ လုပ်တတ်ကြပါတယ်။

တကယ်တော့ ဒီနည်းလမ်းက ကလေးကို ကူညီရာမရောက်တဲ့အပြင် သူအရွယ်ရောက်တဲ့အခါ စိတ်ကျဝေဒနာနဲ့ တစ်ခြား စိတ်ပိုင်း/လူမှုရေးပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

၅။ အကြောက်တရားနဲ့အုပ်ချုပ်ခြင်း

စည်းကမ်းနဲ့လေးစားမှုဆိုတာ အကြောက်တရားရဲ့ အဓိပါယ်ဖွင့်ဆိုချက်တွေ မဟုတ်ပါဘူး။ အကြောက်တရားနဲ့ ကြီးပြင်းလာရတဲ့ ကလေးတစ်ယောက်ဟာ လူတော်ကလေးဖြစ်လာရင်တောင်မှ လူကြောက်ကလေး ဖြစ်နေမှာပါပဲ။

အကြောက်တရားလို့ဆိုရာမှာ လူကြီးမိဘတွေကိုကြောက်အောင် သွန်သင်တာရော၊ တစ်ခြားသူတစ်ယောက်ယောက် ဒါမှမဟုတ် တစ်ခြားအရာတစ်ခုခုနဲ့ ကြောက်အောင်ခြောက်တာရော နှစ်မျိုးလုံးပါပါတယ်။ (ဥပမာ “စကားနားမထောင်ရင် သရဲကြီးက ဗိုက်ဖောက်စားလိမ့်မယ်” လို့ ပြောတာမျိုး)

တစ်ချို့ကလေးတွေဆိုရင် အချိန်တန်အရွယ်ရောက်လို့ တစ်အိုးတစ်အိမ် ထူထောင်ပြီးတာတောင်မှ မလိုအပ်ဘဲ ကြောက်တတ်လွန်းတဲ့စိတ်က သူတို့အပေါ် အနိုင်ယူနေဆဲပါပဲ။

၆။ အရှက်ရစေခြင်း

ကိုယ်ထိလက်ရောက် ဆုံးမသည်ဖြစ်စေ၊ စကားနဲ့ဆုံးမသည်ဖြစ်စေ ကလေးကို လူရှေ့သူရှေ့ အရှက်ခွဲတာမျိုး လုံးဝလုံး၀ မလုပ်သင့်ပါဘူး။

တစ်ခြားသူတစ်ယောက်က လုပ်ခဲ့ရင်လည်း အဲဒီ့အပြုအမူမျိုးကို လုံးဝအားမပေးသင့်ပါဘူး။ ဥပမာပြရရင် ဆုံးမလို့ရတဲ့နည်းလမ်းတွေ အများကြီးရှိလျက်နဲ့

ကလေးတစ်ယောက်ကို စာသင်ခန်းထဲ ဘောင်းဘီချွတ်ရိုက်တာဟာ ဘယ်လိုအကြောင်းမျိုးနဲ့မှ လက်သင့်မခံထိုက်တဲ့ အပြုအမူဖြစ်ပါတယ်။

မိဘဖြစ်နေလို့၊ ဆရာဖြစ်နေလို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုထဲနဲ့ ကလေးစိတ်ဒဏ်ရာရအောင် လုပ်ခွင့်မရှိပါဘူး။

၇။ မရမကပုံသွင်းခြင်း

သင်ဖြစ်ချင်တိုင်းမဖြစ်ခဲ့ရတဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးဖို့ သင့်ကလေးမှာ တာဝန်မရှိပါဘူး။

သင်ကိုယ်တိုင်က အောင်မြင်ကျော်ကြားတဲ့ အထူးကုဆရာဝန်ကြီး ဖြစ်ချင်ခဲ့ပေမယ့် သင့်ကလေးက ကွန်ပျူတာတွေနဲ့ အလုပ်လုပ်ချင်တဲ့သူ ဒါမှမဟုတ် အနုပညာအားသန်တဲ့သူ ဖြစ်နေနိုင်ပါတယ်။

ကလေးရဲ့ဝါသနာ၊ စိတ်အားထက်သန်မှုနဲ့ ပင်ကိုယ်အစွမ်းအစတွေကို ရုပ်လုံးဖော်ခွင့်မပေးတဲ့အပြင် ကိုယ်လိုချင်တဲ့လမ်းကြောင်းပေါ် မရမကတွန်းတင်ပစ်တာဟာ စေတနာကနေ ဝေဒနာဖြစ်သွားနိုင်တဲ့ အပြုအမူတစ်မျိုးပါပဲ။

ကလေးဘဝမှာ စိတ်ဒဏ်ရာရခဲ့ရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ…
(၁) စိတ်ဒဏ်ရာပေးခဲ့တဲ့ အတိတ်အဖြစ်အပျက်တွေကို မကြာခဏ ပြန်မြင်ယောင်ခြင်း။

(၂) စိတ်မလုံခြုံခြင်း။

(၃) အယုံအကြည်မဲ့ခြင်း၊ အထီးကျန်ခြင်း။

(၄) ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတတ်ခြင်း/ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းခြင်း။

(၅) စိတ်ဖိစီးမှုကြုံလာတိုင်း နည်းမှန်လမ်းမှန် မဖြေရှင်းတတ်ခြင်း။

(၆) အရက်၊ မူးယစ်ဆေး၊ ဂိမ်း၊ လောင်းကစား စတာတွေကို အလွယ်တကူ စွဲလမ်းတတ်ခြင်း။

(၇) စိတ်လိုက်မာန်ပါ ပြုမူတတ်ခြင်း၊ ပေါက်ကွဲတတ်ခြင်း။

(၈) စိတ်ကျဝေဒနာ၊ စိုးရိမ်စိတ်လွန်ကဲခြင်းနဲ့ အခြား စိတ်ပိုင်း/ လူမှုရေးပိုင်းဆိုင်ရာပြဿနာများ ရင်ဆိုင်ခံစားရခြင်း။

မိဘဆရာသမားနေရာ ရောက်နှင့်ပြီးသား စာဖိတ်ပရိသတ်တွေ၊ နောင်တစ်ချိန်မှာ မိဘ သို့မဟုတ် ဆရာဖြစ်လာကြမယ့် စာဖတ်ပရိသတ်တွေအနေနဲ့

အခုပြောခဲ့တဲ့အချက်တွေကို သတိပြုဆင်ခြင်ပြီး ငယ်ရွယ်နုနယ်တဲ့ တက်သစ်စ အညွန့်အဖူးလေးတွေကို နည်းမှန်လမ်းမှန် ပြုစုပျိုးထောင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။credit-မူရင်းရေးသားသူ

Leave a Reply

Your email address will not be published. Required fields are marked *