ကျွန်မမှာအိမ်မရှိဘူး။ ကျွန်မအိမ်ပေါ်က ဆင်းလာတုန်းက အမေက မျက်ရည်စက်လက်နဲ့ မသွားဖို့ တားတယ်။အဖေက “သွား… သွားပြီးရင် ဘယ်တော့မှ ငါ့အိမ်အရိပ်ကို မနင်းနဲ့။. နင့်လို့ သမီးမျိုး ငါ့မှာ မရှိဘူး” လို့ ဒေါသတကြီး အော်တယ်။
ငိုနေတဲ့ အမေ့ကို ကျွန်မ တစ်ချက် ကြည့်လိုက်ပြီး ပစ္စည်းတွေ ကောက်သိမ်းပြီး အိမ်ပေါ်က ကျွန်မ ဆင်းလာခဲ့တယ်။
ဒီတစ်သက် အဲဒီအိမ်ကို ကျွန်မ ဘယ်လိုနည်းနဲ့မှ ပြန်လို့မရတော့ဘူးဆိုတာ ကျွန်မသိတယ်။ ဝမ်းစာအတွက် ကျွန်မ ညဉ့်ငှက်တစ်ကောင် ဖြစ်ခဲ့တယ်။
လူတွေရဲ့ အသုံးတော်ခံ ဖြစ်ခဲ့တယ်။ ကိုယ့်ကိုကိုယ် လေးစားမှုတွေ လျော့အောင် ကျွန်မ လုပ်ခဲ့မိတယ်။
နှိုက်ကလပ်တစ်ခုမှကျွန်မ အလုပ်လုပ်တယ်။ အဲဒီကလပ်မှာ ကျွန်မဟာ အချောဆုံး အလှဆုံး စာရင်းဝင်ပါ။ ပိုင်ရှင်သူဌေးကကျွန်မကို သဘောကျတယ်။ သူ သဘောကျမယ်ဆိုလည်း ကျသင့်ပါတယ်။ သူနဲ့ ကျွန်မက မကင်းမရှင်းလေ။လူတွေရဲ့ အသုံးတော်ခံ ဖြစ်နေမှတော့ တစ်ယောက်ပိုလာလို့၊ တစ်ယောက် လျော့သွားလို့လည်းကျွန်မအတွက် ထူးမှ မထူးတော့တာ။ နောက်ပြီး သူက ကျွန်မရဲ့ အလုပ်ရှင်ဆိုတော့ ဒီနေရာမှာအာဏာက ငွေကြေးထက် ပိုတန်ဖိုး ရှိနေပြီလေ။
ညတိုင်းချွဲနွဲ့တဲ့အသံ၊ ချိုသာတဲ့စကားတွေနဲ့ ဧည့်သည်တွေကို ကျွန်မစကား ပြောရတယ်။ နောက် အဲဒီ ဧည့်သည်တွေထဲက တစ်ယောက်က သူနဲ့အတူ အိပ်ဖို့ ကျွန်မကို အပြင်ခေါ်ထွက်တယ်။
သူနဲ့တစ်ညအိပ်ပြီး နောက်တစ်ရက်မနက်မှာ ကျွန်မအခန်းကို ကျွန်မ ပြန်အိပ်တယ်။ ဒီလိုပဲ နေ့စဉ်ရက်ဆက် ဆိုသလို အဲဒီအလုပ်မှာ ကျွန်မ မငြီးငွေ့ခဲ့ဘူး။ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ ရွံမုန်း လာတယ်။
ကိုယ့်အခန်းထဲ ပြန်ရောက်တိုင်း ခန္ဓာတစ်ခုလုံးကို စိတ်နာနာနဲ့ ကျွန်မ ဆေးကြောမိတယ်။
ဒါပေမယ့် အသားနာအောင်တော့ ကျွန်မ မလုပ်ပါဘူး။ အဲဒီအသားအရည်တွေက ကျွန်မကို ငွေရှာပေးမဲ့ ပစ္စည်းတွေလေ။
နေ့စဉ်ပုံမှန်ပဲကျွန်မရဲ့ရက်တွေမှာ ဆန္ဒမရှိ၊ ပြည့်ဝမှုမရှိဘဲ ကျွန်မ လည်ပတ် နေခဲ့တယ်။ ပုပ်စော်နံနေတဲ့ ခန္ဓာကိုယ်နဲ့ လူတွေကို အသုံးတော်ခံမယ်။ ဒါမှမဟုတ် အလှကုန်ပစ္စည်း၊ အင်္ကျီအဝတ်အစားတွေ ထွက်ဝယ်မယ်။ ဒါမှမဟုတ် အခန်းထဲမှာ ကျွန်မ အိပ်နေလိုက်တယ်။
ကျွန်မကိုယ်ဝန်ဖျက်ချတာ ငါးကြိမ် ရှိခဲ့ပါပြီ။ ဆရာဝန်က နောက်ဆို ကျွန်မ ကလေး မွေးနိုင်တော့မှာ မဟုတ်ကြောင်း သတိပေးပါတယ်။
ကျွန်မကို အဲဒီလို သတိပေး စကားပြောတဲ့ အချိန်မှာ သူ့မျက်နှာပေါ်မှာ နှမြောတဲ့၊ ဝမ်းနည်းတဲ့ အရိပ်အယောင်ကို ကျွန်မ တွေ့လိုက်ရတယ်။ ကျွန်မသိတယ်။ အဲဒီအပြစ်တွေကို ကျွန်မ ကိုယ်တိုင်ပဲ ရှာခဲ့တယ်ဆိုတာ ကျွန်မသိတယ်။
ဒါပေမယ့် ဆရာဝန်ရဲ့ သတိပေးစကားကို ကြားတော့ ကျွန်မ ချုံးပွဲချ ငိုခဲ့မိတယ်။ ကျွန်မစိတ်ကို ကျွန်မ ဖြေခဲ့ပါတယ်။
ကျွန်မဟာ ညဉ့်ငှက် တစ်ကောင်ပါ။ ဘယ်သူကမှ ကျွန်မကို အချစ်စစ် အချစ်မှန်နဲ့ ချစ်လာမှာ မဟုတ်သလို ကျွန်မလည်း အိမ်ထောင်ပြုဖို့ ဘယ်တော့မှ မစဉ်းစားခဲ့ပါဘူး။
အရွယ်တင်သေးတဲ့ကျွန်မ ပိုက်ဆံကို ပိုရှာချင်သေးတယ်။ ပိုက်ဆံတွေ စုမိရင် ဒီအလုပ်ကို စွန့်ပြီး ရိုးသားတဲ့ လူတစ်ယောက်နဲ့ လက်ထပ်မယ် (တကယ်တော့ ဒါတွေဟာ ကျွန်မရဲ့ စိတ်ကူး သက်သက်ပါ။)
ညဉ့်ငှက်တစ်ကောင်ဖြစ်လို့ ကျွန်မ အိမ်ထောင်ပြုမှာ မဟုတ်တဲ့အပြင် သားသမီးတွေလည်း ကျွန်မ မရနိုင်တော့ပါဘူး။ဥမဥ တတ်တဲ့ ကြက်တစ်ကောင်ကို ဘယ်သူကများ မွေးထား ချင်ပါ့မလဲရှင်။ အနာတရာ အားလုံးကိုကျွန်မ ကျိတ်မှိတ်ပြီး ခံစားလို့ ရပေမယ့် လင်ယောက်ျားရဲ့ ဥပေက္ခာပြုမှုကိုတော့ ကျွန်မ ဘယ်လိုနည်းနဲ့မှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။
အမေက ကျွန်မကို စိုးရိမ်ပူပန်လိုပဲလား မသိ။. ကျွန်မ အခန်းကို အမြဲလာ သိမ်းဆည်းပေးတယ်။ ကျွန်မရဲ့ အလုပ်ကို အမေ မသိခဲ့ပါဘူး။
တကယ်လို သိများသိခဲ့ရင် ကျွန်မမှာ ဆွေမျိုးသားချင်း ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ သူတို့ကို ကျွန်မ မဆုံးရှုံးချင်ဘူး။ အမေလာရင် တစ်ခါတလေ အမေနဲ့ ကျွန်မ ဈေးထွက်ဝယ် ဖြစ်တယ်။
ကျွန်မတို့ အပြင်ထွက်တိုင်း ဒီတိုက်က လူတစ်ယောက်နဲ့ ဓာတ်လှေကားမှာ အမြဲလိုလို ဆုံတတ်တယ်။
သူ့အပြုအမှုက ညင်သာ၊ သိမ်မွေ့တယ်။ ကျွန်မတို့ကို တွေ့တိုင်း ခေါင်းညိတ် ပြုံးပြတတ်တယ်။ ရုပ်ခန့်တဲ့အပြင် အရပ်လည်း မြင့်တယ်။ ဝတ်ထားတာလည်း ဖက်ရှင် ကျတယ်။
သူ့ကို ကျွန်မ သတိထားမိပြီ ဆိုတာကို ကျွန်မ သိလိုက်တယ်။ ဒါပေမယ့် ကျွန်မရဲ့ အတွေးတွေ စည်းနည်းနည်း ကျော်ချင်လာပြီဆိုရင် ငါဟာ မိန်းမပျက် တစ်ယောက်ပါလားလို့ ကိုယ့်ကို သတိပေးမိပြန်တယ်။
အဲဒီလို နိမ့်ကျတဲ့ အသိတွေက ကျွန်မ လွတ်ရုန်းလို့ မရအောင် အရိုးထဲမှာ စွဲနေခဲ့ပါပြီ။
ဒီနေ့ ဧည့်မရပါဘူး။ ခုတစ်လော အဖမ်းအဆီးများလို့ ကျွန်မတို့ ဝင်ငွေ လျော့လာတယ်။ အခန်းထဲမှာ တီဗွီကိုဖွင့် မချက်ပြုတ်ဖြစ်တာ ကြာပြီဖြစ်တဲ့ မီးဖိုမှာ ကိုယ့်အတွက် အကောင်းဆုံး တစ်နပ်ကို ကျွန်မ ချက်ပြုတ် နေလိုက်တယ်။
တကယ်ဆို ဒီလို ရိုးရှင်းတဲ့ ဘဝကို ကျွန်မ ပိုနှစ်သက်မိပါတယ်။
တစ်နှစ် ထပ်လုပ်မယ်။ ငွေစုပြီး ဒီအလုပ်ကို စွန့်မယ်လို့ ကျွန်မ လုံးလုံး ဆုံးဖြတ်လိုက်တယ်။
ပြီးတော့ အိမ်ဆိုင်လေး တစ်ဆိုင် ဖွင့်ပြီး ပုံမှန်ဘဝနဲ့ ငွေရှာမယ်။ ဒါမှမဟုတ် တစ်ခြားမြို့ကို ပြောင်းမယ်။ ဒီမြို့မှာတော့ ကျွန်မကို သိတဲ့ လူတွေ သိပ်များနေပါပြီ။
ကျွန်မ ဟိုတွေးဒီတွေးနဲ့ အဲဒီအချိန်မှာပဲ လူခေါ်ဘဲလ်က မြည်လာပါတယ်။ ဘယ်သူများ ပါလိမ့်..? လစဉ် ရေဖိုးလာကောက်တဲ့ အန်တီကြီး တစ်ယောက်က လွဲလို့ ကျွန်မတံခါးကို ဘယ်သူမှ လာမခေါက်ပါဘူး။
ဒီနေ့ဟာ ရေဖိုး ကောက်မဲ့နေ့လည်း မဟုတ်၊ ည (၈) နာရီ ကျော်မှ အမေလည်း မလာနိုင်တော့ ပါဘူး။
တံခါးကို ကျွန်မ ဆွဲဖွင့်လိုက်တယ်။ တံခါးဝမှာတော့ ဓာတ်လှေကားမှာ ကျွန်မနဲ့ အမြဲဆုံတတ်တဲ့သူ ရပ်နေတယ်။
သူ့မျက်နှာက အားတုန့်အားနာ ဟန်နဲ့ ကျွန်မကို “ဟို.. ဆောရီးပါ။ ကျွန်တော် အခန်းသော့ မေ့ခဲ့လို့။ ဒီဝရန်တာကနေ ကျွန်တော်အခန်းဖက်ကို ကူးလို့ ရနိုင်မလား။ ကျွန်တော့် အခန်းက ခင်ဗျား အခန်းဘေးမှာပါ”
“ရပါတယ်။
ဒါပေမယ့် မိုးချုပ်နေပြီ အန္တရာယ် ရှိနိုင်တယ်။ မကူးပါနဲ့ တော့လား” ကျွန်မ ခေါင်းညိတ်ပြရင်း ပြောတော့ ကျွန်မကို ထူးဆန်းတဲ့ မျက်နှာထားမျိုးနဲ့ ကြည့်ပြီး ရီနေပါတယ်။
အဲဒီအချိန်ကျမှ ကျွန်မလည်း ကိုယ်ဝတ်ထားတဲ့ အဝတ်အစားကို သတိထား မိလိုက်တယ်။ ညအိပ်ရာဝင် ဂါဝန်ရှည် အင်္ကျီက ကျွန်မ ခြေထောက်တွေကို ဖုံးထားပေမယ့် လည်ပင်းက အရမ်း ဟိုက်နေခဲ့တယ်။
ထွင်းဖောက်မြင်နိုင်တဲ့ အဝတ်စဖြစ်ပြီး ကျွန်မရဲ့ ဆံပင်တွေကလည်း ကျွန်မရဲ့ ပုခုံးသား ဖြူဝင်းဝင်းပေါ် ဖရိုဖရဲ ကျနေလို့ ကျွန်မပုံစံက ဆွဲဆောင်မှု ပိုရှိနေတယ်။
အင်္ကျီကို သပ်ရပ်သွားအောင် ကပျာကယာ ပြင်ဆင်ပြီး သူ့ကို အခန်းထဲဝင်ဖို့ ကျွန်မ ဖိတ်ခေါ် လိုက်ပါတယ်။
သူ့ကို ထိုင်ခိုင်းပြီး ကျွန်မ အဝတ်အစားတွေ လဲလိုက်တယ်။ ကော်ဖီတစ်ခွက် ဖျော်ပြီး သူ့ကို ဧည့်ခံ လိုက်ပါတယ်။
သူက ကျွန်မကို ကြည့်ပြီး ပြုံးပဲ ပြုံးနေတယ်။ ကျွန်မဟာ ညဉ့်ငှက်တစ်ကောင် ဆိုတာ သူသိမယ် ထင်တယ်။
တကယ်လို သူဆန္ဒရှိရင် ဒီတစ်ည သူ့အတွက် ကျွန်မ အဖော်လုပ်ပေး နိုင်ပါတယ်။
ဒါပေမယ့် မနက်ဖြန်ရောက်ရင် ကျွန်မ အိမ်ပြောင်း ရလိမ့်မယ်။
“မိုးအရမ်းချုပ်နေပြီ။
ဝရန်တာပေါ် တက်ရင် အန္တရာယ်ရှိနိုင်တယ်။ ဒီည ဒီမှာပဲ အိပ်လိုက်ပါလား။ ဧည့်ခန်း ဆိုဖာပေါ်မှာ ရှင်အိပ်လို့ ရပါတယ်။
အိမ်နီးနားချင်းတွေပဲ မနက်ကျမှ သော့ဖျက်ဆရာကို ခေါ်လိုက်ပေါ့”
သူခေါင်းညိတ်ပြီး ကျွန်မကို ကျေးဇူးတင်စကား ဆိုပါတယ်။ အဲဒီညမှာ ကျွန်မတို့ ညစာအတူစားပြီး အိပ်ရာကိုယ်စီ ဝင်ခဲ့ကြတယ်။
တစ်ညလုံး ကျွန်မ အိပ်မရခဲ့ဘူး။ ကျွန်မ အခန်းတံခါးကိုလည်း သူလာ မခေါက်ခဲ့ပါဘူး။ အိပ်ရာပေါ်မှာ လူးလှိမ့်ရင် ကျွန်မ အိပ်မပျော်ခဲ့ဘူး။
မနက်လင်းနားနီးမှ မှေးခနဲ့ ကျွန်မ အိပ်ပျော် သွားခဲ့တယ်။
ကျွန်မနိုးလာတော့ မနက် ၇ ခွဲ ကျော်နေပါပြီ။
ကုတင်ပေါ်က ဆင်းပြီး ဧည့်ခန်းထဲ ကျွန်မရောက်တော့ သူမရှိတော့ ပါဘူး။ သပ်သပ်ရပ်ရပ် ခေါက်ထားတဲ့ စောင်တွေက ဆိုဖာပေါ် တင်ကျန်လို့။ စားပွဲပေါ်မှာတော့ ကျေးဇူးတင်တယ် ဆိုတဲ့ စာရွက်လေး တစ်ရွက်….
ကျွန်မရဲ့ မျက်ရည်တွေက ပါးပြင်ပေါ် စီးကျ လုလုပါပဲ။ “ကျေးဇူး” ဆိုတဲ့ စကားတစ်ခွန်းကို ကျွန်မ မကြားရတာ နှစ်တော်တော် ကြာခဲ့ပါပြီ။
ဒီအလုပ်လုပ်တဲ့ ကျွန်မတို့ကို လူတွေက ကြံ့ခိုင်တယ်လို့ ထင်ပေမယ့် တကယ်တော့ ကျွန်မတို့ရဲ့ စိတ်ဟာ ပျော့ပျောင်း လွန်းပါတယ်။
နောက်ရက်တွေမှာ သူနဲ့ကျွန်မ အမြဲဆုံဖြစ်တယ်။ သတင်းစာတိုက် တစ်ခုမှာ သူအလုပ်လုပ်တဲ့ အကြောင်း၊ သူ့မှာ ရာထူးအာဏာကြီးတဲ့ ဖခင်တစ်ဦး ရှိကြောင်း၊ သိုက်သိုက်ဝန်းဝန်း မိသားစုက မွေးဖွားလာတဲ့ အကြောင်းတွေကို ကျွန်မသိလိုက်ရတယ်။
ကျွန်မက ပင်မြင့်ပေါ်ကိုမှ ပျံတက်ချင်နေတဲ့ စာကလေး တစ်ကောင်ပါ။ သူက အရောင်အသွေးတွေနဲ့ လှပနေတဲ့ ဇာမဏီ ငှက်ပါ။ နောက်ဆုံးတော့ ကျွန်မကိုယ် ကျွန်မ သတိပေးမိပါတယ်။ “သူနဲ့ ငါ လုံး၀ မထိုက်တန်ဘူး”
ဒီလိုနဲ့ ကျွန်မရဲ့ မွေးနေ့ကို ရောက်လာခဲ့တယ်။ အဲဒီနေ့ ခွင့်ယူပြီး ချက်စရာဟင်းတွေ ဝယ်ခြမ်းခဲ့တယ်။
မွေးနေ့ကိတ် တစ်လုံးဝယ်ပြီး မြိန်စရာ ဟင်းမျိုးစုံကို ကိုယ်တိုင် ချက်တော့တယ်။ ပထမဦးဆုံးအကြိမ် နေအိမ်ကို သပ်ရပ်သန့်ရှင်းအောင် လုပ်တယ်။
နှစ် (၂၀) ပြည့် မွေးနေ့ကို ကြိုဆိုသော အားဖြင့် ရေမွေးပန်း တစ်စည်းလေး ကျွန်မ ဝယ်ခဲ့သေးတယ်။
ကိုယ်တိုင်ကလွဲလို့ ကျွန်မရဲ့ မွေးနေ့ကို ပြင်ဆင်ပေးတဲ့သူ မရှိခဲ့ဘူး။ ကျွန်မရဲ့ မွေးနေ့ကို ဘယ်သူမှလည်း မသိဘူး၊ မမှတ်မိဘူး။
အဲဒီလို တွေးမိတဲ့ တခဏ အားငယ်စိတ်တွေ ဝင်လာမိတယ်။
စားပွဲနားမှာ ထိုင်ရင်း ဘေးခန်းက သော့ဖွင့်သံကို ကျွန်မ နားစွံ နေလိုက်တယ်။ သော့ဖွင့်သံ ကြားတာနဲ့ ကျွန်မ တံခါးဖွင့်ပြီး “ညနေစာအတွက် ကျွန်မကို အဖော်ပြုနိုင်မလား” လို့ တံခါးဖွင့်ဖို့ ပြင်နေတဲ့ သူ့ကို လှမ်းဖိတ်လိုက်တယ်။
ကျွန်မအပြောကို သူတစ်ချက် ကြောင်သွားပြီး “ရပါတယ်” လို့ ဖြေပါတယ်။
ဒီည ကျွန်မ အလှပဆုံးဖြစ်အောင် ကိုယ့်ကိုယ်ကို ပြင်ထားမိတယ်။ ဒီည သူ့ကိုဆက်သဖို့ ကျွန်မ ဆုံးဖြတ်ထားပြီးသားပါ။
ကျွန်မရဲ့ဘဝမှာ ကျွန်မရဲ့ ခန္ဓာကို ကျွန်မချစ်တဲ့သူအတွက် တစ်ကြိမ်တစ်ခါ ဆက်သခွင့် ရတာကိုပဲ ကျွန်မ ကျေနပ်မိပါတယ်။
ရိုးမြေကျတွေဟာ ကျွန်မနဲ့ မထိုက်တန်ဘူး။ ကျွန်မလို မိန်းမမျိုးနဲ့ မအပ်စပ်ဘူး။ တစ်ညပဲ… ဒီတစ်ညလေးပဲ ကျွန်မအတွက် ထာဝစဉ် ဖြစ်နိုင်ပါတယ်။
ဂါဝန်အနီရောင်ကို ဝတ်ဆင်ထားတဲ့ ကျွန်မဟာ မင်္ဂလာဦးညက သတိုးသမီး လိုပဲ။ လည်ပင်းကို ရင်ညွှန့်ထိ ခွဲထားပြီး နောက်ကျောဖော် ချုပ်ထားတဲ့ ဒီဂါဝန်က သာမန် မိန်းကလေးတစ်ယောက် ဝတ်ရင်တောင် ဆွဲဆောင်မှု အပြည့်နဲ့ လှပစေမယ့် အင်္ကျီလေးပါ။
ကျွန်မ မလှမှန်း ကျွန်မသိပါတယ်။. ဒါပေမယ့်…
ကျွန်မရဲ့ အပြင်အဆင်ကို ကြည့်ပြီး သူသဘော ပေါက်ဟန်မပြဘဲ အကြာကြီး ရပ်နေသေးတယ်။
“ဒီနေ့က ဘာနေ့မို့လို့လဲ” ကျွန်မရဲ့ မွေးနေ့ပါ”
ဆောရီး… မွေးနေ့လက်ဆောင် မပါခဲ့ဘူး” ရပါတယ်.. ထိုင်ပါရှင်” ကျွန်မ ခေါင်းခါပြီး ပြုံးပြ လိုက်တယ်။
မီးဖိုထဲဝင်ပြီး အစားအသောက်တွေကို ကျွန်မ ပြင်ဆင်ခဲ့တယ်။ စားပွဲတစ်ခုလုံး စားသောက်ဖွယ်ရာ တွေနဲ့ ပြည့်နေတာကို မြင်တော့ သူမျက်နှာပေါ်မှာ အံသြဝမ်းသာတဲ့ အရိပ်နဲ့။
ကျွန်မကို သူနှစ်သက်တယ်ဆိုတာ ကျွန်မ သိတယ်။ ချစ်မချစ်တော့ မသိဘူး။ ဒါပေမယ့်.. အချစ်ဆိုတာနဲ့ ဝေးကွာနေတဲ့ ကျွန်မအတွက်တော့ ကိစ္စ မရှိပါဘူးလေ။
အဲဒီည ကျွန်မနဲ့သူ တော်တော်များများ သောက်ခဲ့မိတယ်။ ယာမကာရည်တွေ ဝမ်းထဲဝင်တော့ သွေးသားတွေက သဘာဝအတိုင်း ဆူပွက်လာပြီး ကုတင်ပေါ်ကို ကျွန်မတို့ ရောက်သွားခဲ့တယ်။
မိုးမမြင်၊ လေမမြင်ပါပဲ။ ဒါလည်း လှပတဲ့ ယှက်နွယ်မှု တစ်မျိုးပါပဲ။ တစ်ယောက်ကို တစ်ယောက် လွတ်ထွက်မသွားအောင် ကျွန်မတို့ ဖက်ထားမိကြတယ်။
သူ့ရဲ့ကိုယ်ပေါ်မှာ ကျွန်မ ဆော့ကစားနေသလို သူလည်း ကျွန်မ နားနားကပ်ပြီး “မင်းကိုငါ လက်ထပ်မယ်” လို့ တဖွဖွ ပြောနေတော့တယ်။
စကားမဆုံးခင် သူ့နှုတ်ခမ်းကို အနမ်းနဲ့ ကျွန်မ ပိတ်လိုက်တယ်။ ကတိတွေ ကျွန်မ မလိုချင်ဘူး။
ကတိစကားတွေနဲ့ သူ့ကိုလည်း အချုပ်အနှောင် မခံစေချင်ဘူး။ ဒီညလွန်ရင် အိမ်ပြောင်းမယ်လို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။
ကျွန်မကို ညဉ့်ငှက်တစ်ကောင်မှန်း သူမသိခဲ့ဘူး။ သူမသိတာ ကျွန်မအတွက် ပိုကောင်း ပါတယ်လေ။
ကျွန်မကို ရိုးသားသူ တစ်ယောက်အဖြင့် သူထင်ခဲ့ရင် အဲဒီ ရိုးသားမှုလေးက သူ့ရင်မှာ တစ်သက်လုံး ထင်ကျန်ခဲ့ပါစေတော့။
အဲဒီအထင်ကို ကျွန်မ မဖျက်ဆီး ခဲ့ချင်ဘူး။ သူထင်တဲ့ ကျွန်မရဲ့ ရိုးသားတဲ့ လှပမှုတွေ သူ့ရင်မှာ ကိန်းအောင်း ခဲ့ပါစေတော့။
နောက်တစ်နေ့မနက် ကျွန်မစောစော ထပြီး သူ့အတွက် အစားအသောက်ကို တခမ်းတနား ပြင်ဆင် လိုက်တယ်။ အဲဒီလို ပြင်ဆင်ချိန်မှာ ကျွန်မကိုယ်ကျွန်မ သူ့ရဲ့ အိမ်သူသက်ထား တစ်ယောက်အဖြစ် ခံစားမိတယ်။
ဒါဟာ ကျွန်မရဲ့ တောင့်တမှုတွေပဲ မဟုတ်လား။.. သူ့ကို ကျွန်မ ချစ်တယ်။ ဟုတ်တယ်။ ရင်ထဲမှာ မခံစားဘူးတဲ့ အရာတစ်ခုဟာ ကျွန်မရင်ဝမှာ တစ်ဆို့နေတယ်။
ဝန်မခံချင်ပေမယ့် သူ့ကို ကျွန်မ တစ်ကယ်ချစ်တယ်။ သူ့မှာ ကောင်းကွက်တွေ မရှိခဲ့ဘူး ဆိုရင်တောင် သူက ကျွန်မကို “လူ” အဖြစ် သတ်မှတ်တယ်။ ကျွန်မကို ရိုးသားဖြူစင်သူ တစ်ယောက်အဖြစ် သူမြင်ခဲ့တယ်။
သူအလုပ်သွားတဲ့ တစ်မနက်မှာ ကျွန်မ အိမ်ပြောင်း ဖြစ်ခဲ့တယ်။ ဘာပစ္စည်းမှ မယူဘဲ ကျွန်မ အိမ်က ဆင်းခဲ့တယ်။
ကျွန်မဘာမှ ယူဆောင် မသွားချင် တော့ဘူး။ သူပေးတဲ့ အမှတ်တရတွေ အားလုံးကို ကျွန်မ ချန်ထားရစ်ခဲ့လိုက်တယ်။
ကျွန်မဟာ မိန်းမပျက်တစ်ယောက်လို့ သူသိသွားတဲ့အချိန် သူ့အပြုအမှုတွေ ဘယ်လို ပြောင်းသွားမလဲ…? ကျွန်မ မတွေးဝံ့ဘူး။
ကံကြမ္မာနဲ့ မလောင်းဝံ့ဘူး။ ကျွန်မတို့ရဲ့ လှပခဲ့တဲ့ ညတစ်ညနဲ့ အချစ်တွေကို သူ့ရင်မှာ ထာဝရ တည်ရှိနေပါစေ…။
ကျွန်မကို သူချစ်တယ်လို့ ယုံကြည်မိပေမယ့် “ကျွန်မသာ ညဉ့်ငှက်တစ်ကောင်ဆိုရင် သူလက်ထပ်မလား” ဆိုတဲ့ အဖြေကိုတော့ ကျွန်မ ခုထက်ထိ သိချင်နေဆဲပါပဲ…။
credit