“လယ်ယာမဲ့ဖြစ်သွားတဲ့ ဖခင်တစ်ယောက်ရဲ့ ရင်နဲ့ရေးတဲစာ”
တစ်ခါတုန်းက ရွာကလေးတစ်ရွာမှာ သားအဖ နှစ်ယောက်ရှိတယ် ။ ဖခင်ဖြစ်သူက သမီးလေကို မွေးမွေးပြီး ကတည်းက အလွန်အမင်းကို ချစ်မြတ်နိုးခဲ့ရတယ် ။
သမီးလေး မွေးပြီးလို့ လသားအရွယ်မှာပဲ မိခင်က ဆုံးပါးရှာတဲ့အတွက် မိတဆိုး သမီးလေးဆိုပြီး လိုလေသေးမရှိ ထားခဲ့တယ် ။
ဒါပေမယ့်လည်း ဘဝကံနုံချာလွန်းတဲ့ အတွက် ဆင်းဆင်းရဲရဲ့ ချို့ချို့တဲ့တဲ့နေခဲ့ရရှာတယ် ။
ဒီလိုနဲ့ သမီးလေး အပျိုပေါက်အရွယ် ရောက်လာခဲ့တယ် ။ “ အဖေ . . သမီး မြို့မှာသွားပြီးကျောင်းတက်ချင်တယ် ” အားတက်သရော ပြောလာတဲ့ သမီးငယ်စကားကြောင့် ဖခင်ဖြစ်သူရဲ့ ရင်ထဲ ဆို့နင့်သွားခဲ့ရတယ် ။
“ အေးပါသမီးရယ် အဖေပိုင်တဲ့ လယ်ကလေးရောင်းပြီး သမီးကို မြို့ကျောင်းထားပေးမှာပေါ့ ” ဆိုပြီးအားပေးစကား ပြောဆိုခဲ့တယ် ။ ဒီလိုနဲ့ သမီးလေးတစ်ယောက်မြို့ကျောင်းကို တက်ခဲ့ပါပြီ ။
လယ်ယာ မဲ့ဖြစ်သွားတဲ့ ဖခင်ကတော့ တောရွာမှာပဲ သူများလယ်ကို အငှားသွားလုပ်လိုက် ၊ သူများခိုင်းတာလေး လုပ်လိုက်နဲ့ ချို့တဲ့စွာ နေခဲ့ရတယ် ။
လစဉ်လတိုင်း ရသမျှ ပိုက်ဆံလေးကို ခြစ်ခြုတ်စုလို့ သမီးလေးအတွက် ပေးပိုရရှာတယ် ။ တစ်နေ့တော့ သမီးလေးကို တွေ့ချင်လွန်းအားကြီးတဲ့ဖခင်က မြို့ကို တက်သွားပြီး သမီးလေးကျောင်းကို လိုက်သွားခဲ့တယ် ။
သမီးဖြစ်သူက ဖခင်ကိုတွေ့တဲ့အခါ မျက်နှာတစ်ချက်ပျက်သွားပြီး မသိချင်ယောင်ဆောင်လို့ မခေါ်မပြောပဲ ထွက်သွားခဲ့တယ် ။ ဖခင်က ဝမ်းနည်းစွာနဲ့ပဲ ရွာကိုပြန်လာခဲ့တယ် ။
နောက်တစ်နေ့မှာ ရွာကိုသမီးဖြစ်သူ လိုက်လာပြီး ဖခင်ကိုပြောတယ် ။ “ အဖေရယ် ရှက်စရာကြီး သမီးကျောင်းကို ဘာလို့လိုက်လာရတာလဲ …
သမီးကို တွေ့ချင်တယ်ဆို စာရေးလိုက်ပေါ့ လာတွေ့မှာပေါ့ အခုတော့ အဖေ့ကို သမီးအဖေမှန်းသာ သိသွားရင် သမီးရှက်လွန်းလို့ မျက်နှာဖော်ရဲမှာမဟုတ်ဘူး ” လို့ပြောခဲ့တယ် ။
ဖခင်ဖြစ်သူက မျက်နှာညှိုးနွမ်းစွာနဲ့ မျက်ရည်တွေစီးကျလို့ သမီးဖြစ်သူကို ဘာမှပြန်မပြောပဲ တွေတွေကြီးပဲ စိုက်ကြည့်နေခဲ့တယ် ။
အဲဒီလိုနဲ့ . . .
သမီးလေးဖြစ်သူ ဘွဲ့ယူတဲ့နေ့ ရောက်လာပါပြီ ။ သမီးဖြစ်သူက ရွာက အဖေလည်း ဘွဲ့ယူတာ ကြည့်ချင်မှာပဲလေ
ငါ့အဝေးကနေ ကြည့်ခိုင်းရင်ရတာပဲဆိုပြီး သူ့အဖေကို မြို့ကိုလိုက်လာဖို့ ရွာကိုစာပို့လိုက်တယ် ။ သိပ်မကြာခင်မှာပဲ ရွာက စာပြန်လာတယ် ။
“ သမီးလေး…
သမီးလေး စာပိုတဲ့အချိန် အဖေလူ့လောကမှာ မရှိတော့ဘူးကွယ် သမီး လေးမြို့ကိုခေါ်မယ့်ရက် ဆို.. အဖေ ဟာ တမလွန်မှာ ရောက်နေရောပေါ့ ဒါကြောင့် ဒီစာလေးကို ကြိုရေးထားခဲ့တာပါ ..
သမီးရေ သမီးငယ်ငယ်တုန်းကပေါ့ သမီး နဲ့အဖေ တခြားရွာကို သွားစဉ်က နေကလည်းပူ လယ်ကွင်းပြင်ပြင်ထဲ မှာ စကားလေး မပီကလာပီကလာနဲ့ သမီး ရေဆာတယ်လို့ ပူဆာခဲ့တယ်နော် ။
အဖေတို့ဆီမှာ သောက်ရေကလည်း ပါမလာတော့ သမီးကို နေရိပ်ထဲခဏထားပြီး ကွင်းပြင်ကြီးထဲ အဖေပြေးလွှားလို့ တခြားရွာမှာ သောက်ရေ သွားယူခဲ့ဖူးတယ် ။
သမီး နောက်ထပ် ဆယ်နှစ်အရွယ်လောက်မှာပေါ့ ။ သမီးလေး ကျောင်းမှာ မျက်နှာ မငယ်ရဖို့ .. အဖေ ဟာ နေ့တိုင်း ထမင်းတစ်နပ်ပဲ စားပြီးခြိုးခြံချွေတာခဲ့ဖူးတယ် ။
သမီးရေ .. သမီးကို ဒါတွေပြန်ပြောနေရတာ သမီးဆီက အဖေ့မေတ္တာကို နားလည်ပေးနိုင်ဖို့ တစ်ခုပါပဲ ။
သမီးလေး . . သမီးလေး သတိမထားမိလို့ပါကွယ် သမီးလေး မြို့ကျောင်းကို အဖေ အပတ်စဉ်တိုင်းရောက်ပါတယ် သမီးလေးရှက်မှာစိုးလို့ အဖေ အဝေးကနေပဲ သမီးလေးကို ငေးမောကြည်နူးနေခဲ့ရတယ် ။
သမီးရယ် …သမီးဆီက အဖေ ဘာမှ မမျှော်လင့်ပါဘူး လူ့ဘဝဆိုတာက တိုတိုလေးပါ အဲဒီတိုတိုလေးအတွင်းမှာ သမီးကို ပြည့်ပြည့်စုံစုံ မထားနိုင်ခဲ့တဲ့ အဖေ့ကိုယ်သာ အဖေယူကြုံးမရဖြစ်ခဲ့တာပါ…။
သမီးရယ်. . . အဖေတို့ မိဘတွေဆိုတာ သားသမီးကို ရွေးချယ်ခွင့် မရှိသလို သားသမီးတွေကလည်း အဖေတို့ကို ရွေးချယ်ခွင့် မရှိခဲ့ပါဘူး ။
ဘဝအဆက်ဆက်က ဖြည့်ဆည်းလာတဲ့ ပါရမီတွေကြောင့်သာ ဒီဘဝမှာ မိဘနဲ့သားသမီးဆိုပြီး တော်စပ်လာခဲ့ကြရတာပါ ။
သမီးလေးရေ ..သမီးကို အဖေခွင့်လွှတ်ပါတယ် ။ ကံတရားက မိဘကိုစော်ကားလို့ အပြစ်ပေးမှာကို အဖေက စိုးရိမ်ပူပန်နေခဲ့ရတာပါ ။ သမီးလေး သွားလေရာ ခလုတ်မထိ ဆူးမညိပါစေနဲ့ ။ ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ …
သမီးရေ …ဖေဖေ သွားနှင့်ပြီ ..ကွယ် လူ့လောကမှာ အကောင်းအဆိုးကို အမှားအမှန်ကို ခွဲခြားနိုင်တဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားပါလို့ ..မှာရင်း အဖေသွားနှင့်ပြီကွယ် ……။
Credit: