ကြောက်စရာကောင်းလောက်အောင် မြင့်တက်လာတဲ့ ဆန်ဈေး ဆက်လက်တက်နိုင်ပြီး မကြာခင် ဆန်တစ်အိတ်လျှင်…
ဆန်စျေးကွက်ထဲမှာ ဇူလိုင်လဆန်းကစလို့ စျေးတွေ တဖြည်းဖြည်း စျေးတက်လာခဲ့ပြီး တစ်လအတွင်းမှာ ဆန်တစ်အိတ်ကို ပုံမှန်စျေးထက် ငွေကျပ် နှစ်သောင်းကျော်လောက်အထိ မြင့်တက်လာနေပါတယ်။
ဒါကြောင့် အမြင့်ဆုံး ဆန်အိတ်တစ်အိတ်ဟာ ကျပ် သိန်းဂဏန်းကို တဖြည်းဖြည်း ကပ်လာနေတာ ဖြစ်ပါတယ်။
ဆန် ၂၄ ပြည်ပါ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို အရင်က ကျပ် ခြောက်သောင်းခွဲနဲ့ ခုနစ်သောင်း ၀န်းကျင်သာရှိနေရာကနေ အခု ဇူလိုင် လကုန်ပိုင်းမှာတော့ ငွေကျပ် ၉၀၀၀၀ ကျော်အထိ စျေးရောက်လာတာပါ။
မကြာခင် ကျပ်တစ်သိန်းနီးပါးအထိ ရောက်နိုင်တယ်လို့လည်း ဆန်ကုန်သည်တွေက ခန့်မှန်းနေကြပါတယ်။
ဒါဟာ မြန်မာနိုင်ငံရဲ့ ဒုတိယဆန်အိုးကြီးလို့ ဆိုကြတဲ့ စစ်ကိုင်းတိုင်းအတွင်းက နယ်မြေ မငြိမ်သက်မှုတွေကြောင့် တောင်သူတွေ စပါး မစိုက်ပျိုးနိုင်တာ၊
စိုက်ပျိုးထားတဲ့စပါးတွေကိုလည်း ပုံမှန် ပေါင်းသင်ရိတ်သိမ်းတာတွေ မပြုလုပ်နိုင်တာတွေကြောင့် ဖြစ်ပါတယ်။
ဒီလို စပါးအထွက်လျော့ကျတာ၊ ဆန်ချောအဆင့်ရောက်တဲ့အထိ ထုတ်လုပ်မှုလုပ်ငန်းတွ မလုပ်နိုင်တာတွေကြောင့် တောင်သူတွေဆီမှာ ဆန်လက်ကျန် နည်းလာပြီး
ကုန်သည်တချို့က ဆန်ကို သိုလှောင်ရောင်းချဖို့ စီစဥ်တာတွေရှိလာတယ်လို့ သိရပါတယ်။
ဆန်ချောသာမက ဧည့်မထ၊ ဇီယာ စတဲ့ ဆန်ကြမ်းတွေလည်း စျေးတက်ပြီး တစ်အိတ်ကို အနည်းဆုံး ကျပ်ငါးထောင်လောက်ထိ စျေးမြင့်တက်သွားတာ ဖြစ်ပါတယ်။
ဆန်ကြမ်းတစ်အိတ်ကို ပျမ်းမျှ တစ်အိတ် သုံးသောင်းခွဲနဲ့ လေးသောင်းကျော် ရှိနေပါတယ်။
အခုလို ဆန်စျေးတွေ မြင့်တက်လာလို့ ထမင်းကို အဓိက အားထား စားသုံးကြတဲ့ မြန်မာပြည်သူလူထုမှာလည်း မီးဖိုချောင်အသုံးစရိတ် ပိုမို မြင့်တက်လာနေပြီး ဆန်ကို ချွေတာစားသုံးရတာတွေ ရှိလာနေပါတယ်။
ဇူလိုင်နှောင်းပိုင်းနဲ့ သြဂုတ်လတွေဟာ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်ဘက်မှာ စပါးစစိုက်တဲ့ ရာသီဖြစ်ပေမဲ့ နယ်မြေမအေးချမ်းတာကြောင့် ၇၀ ရာခိုင်နှုန်းလောက် မစိုက်ပျိုးနိုင်တဲ့အကြောင်း စပါးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။
အခြေအနေ အဆင်ပြေတဲ့ နေရာတချို့ပဲ စိုက်နိုင်ပြီး ဆိပ်ခွန်လိုကျယ်ပြန့်တဲ့နေရာတွေ စိုက်နိုင်မယ့် အခြေအနေ မရှိလောက်ဘူးလို့ ပြောပါတယ်။
အကျပ်အတည်း မျိုးစုံကြောင့် ပဲမျိုးစုံ လျှော့စိုက်ခဲ့ရ၊ ပဲအထွက် တန်သိန်းချီ လျော့သွား
စိုက်စရိတ်နဲ့ ပဋိပက္ခတွေကြား နွေစပါးကို လက်လျှော့ခဲ့ရတဲ့ တောင်သူတွေ မနှစ်က စိုက်ပျိုးမှု လျော့ကျတာရဲ့ နောက်ဆက်တွဲ အဖြစ် အခုလက်ရှိမှာ ဆန်တွေစျေးတက်တာကို ကြုံတွေ့ခံစားနေရတာဖြစ်ပြီး
ဒီနှစ်မှာလည်း စိုက်ပျိုးနိုင်မှုဟာ မနှစ်ကထက်တောင် နည်းနေနေကြောင့် နောက်နှစ် ဒီထက် အခြေအနေပိုဆိုးနိုင်တယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။
တခြားကုန်စည်တွေ စျေးမြင့်နေသလို ပြည်တွင်း ဆန်စျေး မြင့်တက်နေချိန်မှာ ဒီနှစ် မြန်မာ ဆန်တင်ပြည်ပ တင်ပို့မှုက အခု လပိုင်းတွေအတွင်း အတက်၊ အကျတွေ ရှိနေခဲ့ပါတယ်။
ဒီအခြေအနေကြားမှာပဲ ဒေါ်လာကို ထိန်းချုပ်ခံထားရတဲ့ အခြေအနေကြောင့် ကုန်သွယ်မှု အခက်အခဲတွေ ရှိနေတဲ့ကြားက ပြည်ပ ဆန်တင်ပို့မှုကို အရည်အသွေးမြှင့်တင်မှုနဲ့အတူ
သုံးနှစ်အတွင်း နှစ်ဆတိုးပြီး တစ်နှစ် တန် လေးသန်း တင်ပို့ဖို့ လျာထားမယ်လို့လည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောဆိုထားပါတယ်။
Source – BBC BURMESE
Credit