ရန်ကုန်၊ ဇူလိုင် ၉
သီရိလင်္ကာသမ္မတအိမ်တော်ကို ဆန္ဒပြသူများကဝင်ရောက်စီးနင်းပြီး ပျော်ရွှင်စွာ ရေကူးနေကြသည်..
သီရိလင်္ကာပြည်သူထောင်ပေါင်းများစွာက သမ္မတ အိမ်တော်ကို ဝင်ရောက်စီးနင်းသဖြင့် သမ္မတ ထွက်ပြေးရ၊ နိုင်ငံစီးပွားရေး ကိုင်တွယ်မှု ညံ့ဖျင်းရာမှ ပြည်လုံးကျွတ် ဆန္ဒပြပွဲများဖြစ်ပေါ်
ရန်ကုန်၊ ဇူလိုင် ၉
သီရိလင်္ကာနိုင်ငံတွင် ပြည်သူထောင်ပေါင်းများစွာက မြို့တော်ကိုလံဘိုရှိ သမ္မတ ဂိုတာဘာရာ ရာဂျာအိမ်တော်ကို ယနေ့ ဝင်ရောက်စီးနင်းလိုက်ပြီး သမ္မတက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း နိုင်ငံတကာသတင်းများ တွင်ဖော်ပြထားသည်။
သီရိလင်္ကာတွင် ဒေါ်လာငွေကြေး ပြတ်တောက်နေခြင်း၊ စက်သုံးဆီ မတင်သွင်းနိုင်တော့ခြင်း၊ ပြည်ပ အကြွေးနွံ့နစ်နေခြင်း၊ ကုန်ဈေးနှုန်းများ ကြီးမြင့်လာခြင်း၊ ငွေကြေးဖောင်းပွလာခြင်း စသည့် အထွေထွေပြဿနာများကြောင့် လပေါင်းများစွာ သမ္မတနုတ်ထွက်ပေးရေး ဆန္ဒပြနေရာ သမ္မတက နုတ်ထွက်ခြင်းမပြုဘဲ အစိုးရအဖွဲ့ကိုသာ မကြာခဏ ပြောင်းလဲခဲ့ကြောင်း၊
ယခုနောက်ဆုံးတွင် သီရိလင်္ကာပြည်သူများက သမ္မတအိမ်တော်ကိုပါ တက်သိမ်းသည်အထိ အခြေအနေ ဆိုးဝါး လာခြင်းဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတစ်ဝန်းရှိ ဆန္ဒပြသူများသည် မြို့တော်ကိုလံဘိုသို့ ချီတက်လာပြီး သမ္မတအိမ်တော်အထိပါ တက်ရောက်သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း၊ ရဲနှင့်စစ်သားများက ထိန်းသိမ်းရန်ကြိုးပမ်းသော်လည်း အခြေအနေကို မထိန်းသိမ်းနိုင်တော့ဘဲဖြစ်နေကြောင်း၊ အစိုးရနှင့် လွှတ်တော်၊ နိုင်ငံရေးပါတီများက နိုင်ငံရေးဆိုင်ရာ အရေးပေါ် အစည်းအဝေး ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။